သွေးလွန်တုပ်ကွေး ၂၀၂၂ နှိုးဆော်ချက်


သွေးလွန်တုပ်ကွေး ၂၀၂၂

ဒီနှစ်တွေမှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုရော၊ ပြင်းထန်မှုပါ များနိုင်တယ်လို့ ခန့်မှန်းကြပါသည်။ ထို့ကြောင့် အရေးကြီးတဲ့အချက်က သွေးလွန်တုပ်ကွေးဖြစ်မှန်း သိဖို့ရန်နှင့် အခုလိုရာသီမှာ ကလေးတစ်ယောက်ဖျားလျှင် အထူးသဖြင့် သွေးလွန်တုပ်ကွေး ဖြစ်နိုင်ကြောင်း သတိထားမိဖို့ပါ။

အသက် (၃) နှစ်နှင့် (၉) နှစ်ကြားမှာ အဖြစ်များပေမဲ့ လူလတ်ပိုင်းနှင့် လူကြီးပိုင်းတွေမှာလည်း ဖြစ်နိုင်ပါသည်။

သွေးလွန်တုပ်ကွေးနှင့် အသက်ဆုံးရှုံးရတဲ့ ကလေးတွေမှာ အများစုက ပထမနေ့ကတည်းက ဆေးခန်းပြထားတာကို တွေ့ရပါသည်။

တစ်နည်းအားဖြင့် ဆရာဝန်တွေကိုယ်တိုင် သတိထားမိဖို့ လိုပါသည်။

Clinical guideline ကို MOHS Facebook page မှာရော MMA CME Facebook Page နှင့် website တွေမှာလည်း တင်ထားပါမည်။

 

မှန်ကန်တဲ့ ကုသမှုရဖို့

အန္တရာယ်လက္ခဏာမရှိတဲ့ တချို့ကလေးတွေကို ဆေးရုံမတင်ပဲ ကုသလို့ရပါသည်။ ကုသမှုမှန်ဖို့ လိုအပ်ပါသည်။ နေ့တိုင်း ပြန်ကြည့်ဖို့လိုပါသည်။

အန္တရာယ်လက္ခဏာတွေကို စာနဲ့ရေးပြီး ပေးထားဖို့လိုပါသည်။

ဆေးရုံတင်သင့်တဲ့ လူနာတွေကို တင်ထားဖို့ လိုပါသည်။

ဆေးရုံမှာလည်း အချိန်အခါမပြတ် စောင့်ကြည့်ဖို့လိုပါသည်။

အစားအသောက်နှင့် အရည်မဝင်လျှင် အကြောဆေးရည်သွင်းထားဖို့လိုပါသည်။ လူနာ၏ကိုယ်အလေးချိန်နှင့်တွက်ပြီး သွင်းရပါမယ်။ မပိုရပါဘူး မလိုရပါဘူး ။ တစ်နေ့ တစ်ခါဘဲ ကြည့်လို့မရပါဘူး။ close monitoring လုပ်နေဖို့လိုပါသည်။

သွေးလန့်လက္ခဏာတွေရှိရင်လည်း နာရီပိုင်းအလိုက် လိုအပ်သလို ညှိနှိုင်းသွင်းရပါမယ်။ ဘာသွင်းမလဲ ဘယ်လောက်သွင်းမလဲ ဆိုတာကို နာရီပိုင်းအလိုက် ဆုံးဖြတ်ရပါမယ်။

ဒါကြောင့် လူအင်အားလိုပါသည်။

PCV လို့ခေါ်တဲ့ သွေးပြစ်နှုန်းတိုင်းတဲ့စက် ရှိဖို့လိုလည်းလိုပါသည်။

ဆားရည် (NS/ DS/ RL) တွေအပြင် ကော်ရည် (Colloid) ပါ ရှိဖို့လိုပါသည်။

လိုအပ်ရင် သွေးရည်ကြည် / သွေး ပေးနိုင်ရပါမယ်။

 

ကာကွယ်ရေး

ဆေးရုံမှာ လူနာရှိလျှင် သက်ဆိုင်ရာသို့ ချက်ချင်းသတင်းပေးပို့ရပါမည်။ (Viber group)

(ပြင်ပဆေးရုံတွေ အပါအဝင်ပါ)

ကျောင်းက ကူးစက်နိုင်တာ ဖြစ်တဲ့အတွက် ကျောင်း / အတန်း​တွေကိုပါ သတင်းပို့ဖို့ လိုပါသည်။

လွယ်ကူတာကတော့ လူနာရှင်မိဘတွေကတဆင့် အတန်းပိုင်ဆရာ/ဆရာမကို အကြောင်းကြားစေပြီး ဆရာ / ဆရာမက တခြားကလေး​တွေ ဖျားနေရင် သွေးလွန်တုပ်ကွေးဖြစ်နိုင်ကြောင်း အခြားမိဘ​တွေကို အသိပေးထားဖို့ လိုပါသည်။

ဆေးရုံမတက်ခင် ကုသပေးတဲ့ အထွေထွေကုဆရာဝန်ကိုလည်း သွေးလွန်တုပ်ကွေး ဖြစ်ကြောင်း ပြန်လည်သတင်းပို့ဖို့ လိုပါသည်။ အခြားလူနာတွေကိုပါ သတိထားမိစေဖို့ပါ။

 

ခြင်ကိုက်မခံရဖို့

သွေးလွန်တုပ်ကွေးက ရေကြည်ရေသန့်မှာ ပေါက်ဖွားတဲ့ နေ့လည်မှာကိုက်တဲ့ ခြင်ကျား ကိုက်လို့ ဖြစ်ပါသည်။

ပေါက်ပွားပြီးသား ခြင်ကို နှိမ်နှင်းဖို့ ဆေးမှုတ်တာထက် နောက်ထပ် ခြင်မပေါက်ဖွားဖို့ ပိုးလောက်လန်း နှိမ်နှင်းရေးက အရေးကြီးပါသည်။

နေ့လည်အချိန်မှာ ကလေးတွေစုတဲ့ ကျောင်း/ ကျူရှင်/ နေ့ကလေးထိန်းကျောင်းတွေမှာ ပိုအရေးကြီးပါသည်။

စဉ်ဆက်မပြတ်လုပ်နေဖို့လိုအပ်ပြီး လူထုကိုယ်တိုင်လည်း ပါဝင်ဖို့လိုပါသည်။

ကျန်းမားရေးဌာနကထုတ်ဝေတဲ့ ပညာပေးစာစောင်တွေကိုလည်း ဖတ်ကြပါ။

 

pyidaungsu fonts

credit by Dr Saw Win (ကလေးကျန်းမာရေး)