COVID-19 ရောဂါကုသရန် သွေးရည်ကြည်အလှူရှင်များဖိတ်ခေါ်ခြင်း


COVID-19 ရောဂါကုသရန် သွေးရည်ကြည်အလှူရှင်များဖိတ်ခေါ်ခြင်း
(၁၇-၁၀-၂၀၂၀)
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
• COVID-19 ရောဂါပိုးကူးစက်ခံရပြီး ရောဂါပျောက်ကင်းသူများ၏ သွေးရည်ကြည်ထဲတွင် ကိုရိုနာဗိုင်းရပ်(စ်)ပိုး (Severe Acute Respiratory Syndrome Coronavirus 2 – SARS-CoV-2)ကို ခုခံကာကွယ်နိုင်သော ပဋိပစ္စည်း (Antibody) များ ကျန်ရစ်သည့် ၎င်းတို့၏ သွေးရည်ကြည် (Convalescence Plasma) အား အသုံးပြု၍ COVID-19 ရောဂါပြင်းထန်သော လူနာများကိုကုသရာတွင် ရောဂါသက်သာပျောက်ကင်းရန် အထောက်အကူပြုကြောင်း တွေ့ရှိရပါသည်။
• ကိုရိုနာဗိုင်းရပ်(စ်)ပိုး (SARS-CoV-2) ကူးစက်ခံရပြီး (၂၈) ရက်တိတိ ပကတိ ပြန်လည် နေထိုင်ကောင်းလာသူများအနေနှင့် ၎င်းတို့၏သွေးရည်ကြည်ကို လှူဒါန်းခြင်းဖြင့် ကိုဗစ်ရောဂါ ပြင်းထန်စွာခံစားနေသော လူနာများ၏အသက်ကို ကယ်တင်ပေးနိုင်မည်ဖြစ်သည်။
• သွေးရည်ကြည်အလှူရှင်ထံမှ သွေးရည်ကြည်ထုတ်ယူရာတွင် ယခုအခါ သွေးရည် ကြည်ထုတ်စက် (Apheresis machine) ကို အသုံးပြု၍ သွေးရည်ကြည် (၄၀၀)စီစီမှ (၆၀၀)စီစီအထိ ထုတ်ယူ နိုင်၍ လူနာ(၂)ဦးမှ (၃)ဦးအတွက် အသုံးပြုနိုင်မည်ဖြစ် သည်။ သွေးရည်ကြည် လှူဒါန်းရာတွင် အလှူရှင်၏သွေးနီဥများကို အလှူရှင်၏ ကိုယ်ခန္ဓာတွင်းသို့ စက်မှတစ်ဆင့် ပြန်လည်သွင်းပေးခြင်းဖြင့် သွေးရည်ကြည် အလှူရှင်မှာ သွေးအားလျော့နည်းသွားခြင်း မရှိပါ။
• ဤကဲ့သို့သွေးရည်ကြည်လှူဒါန်းခြင်းကို (၂)ပါတ်မှ (၄)ပါတ် တစ်ကြိမ် (၃)ကြိမ်ထိ လှူဒါန်းနိုင်၍ သွေးရည်ကြည်လှူဒါန်းသူတစ်ဦးမှ တစ်ဦးထက်မကသော COVID-19 လူနာများ၏ အသက်များကို ကယ်တင်နိုင်မည်ဖြစ်ပါသည်။
• “သွေးရည်ကြည်အလှူရှင်သည် ကိုရိုနာဗိုင်းရပ်(စ်)ပိုး (SARS-CoV-2) ကူးစက်ခံရပြီး (၂၈) ရက်ထက်မနည်း နေကောင်းနေသူ” ဖြစ်ရပါမည်။ အသက်(၁၈)နှစ်မှ (၆၀)နှစ်အတွင်း ရှိရပါမည်။ ကိုယ်အလေးချိန် ပေါင် ၁၂၀ (ကျား) နှင့် ပေါင် ၁၁၀ (မ) အနည်းဆုံးရှိရပါမည်။ ကျန်းမာနေ ကောင်းရပါမည်။
သာမန်သွေးလှူရှင်များ၏ ကျန်းမာရေးကိုမထိခိုက်စေရန် ဆောင်ရွက်သော စည်းကမ်းများအတိုင်း ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ သွေးရည်ကြည် မလှူဒါန်းမှီ ကျန်းမာရေးစစ်ဆေးပေးမည်ဖြစ်ပါသည်။
• အမျိုးသားသွေးဌာနမှ COVID-19 ရောဂါမှပြန်လည်ကောင်းမွန်သူများ၏ သွေးရည်ကြည် စုဆောင်းသည့်လုပ်ငန်းကို ဆောင်ရွက်နေပြီး ရန်ကုန်မြို့၊ ဦးဝိစာရလမ်း၊ ဇီဝကလမ်းခွဲရှိ ဆေးသုတေသနဦးစီးဌာနတွင် သွေးရည်ကြည် လှူဒါန်းနိုင်ရန် သီးသန့်အခန်း ဖွင့်လှစ်ထားရှိ ပါသည်။ COVID-19 ရောဂါပြင်းထန်သော လူနာများ၏ အသက်ကိုကယ်တင်နိုင်ရန် စေတနာရှင် သွေးရည်ကြည် အလှူရှင်များကို ဖိတ်ခေါ်အပ်ပါသည်။
• သွေးရည်ကြည်လှူဒါန်းရန် အောက်ပါဖုန်းနံပါတ်များနှင့် Website တို့ကို ဆက်သွယ် လှူဒါန်းနိုင်ပါသည်။
၀၉ -၅၁၃၀၄၁၈
• ၀၉-၅၄၀၂၀၉၈
• ၀၉-၉၆၅၁၃၀၄၁၈
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန